လျှပ်စစ်မီးကလဲ အလှည့်ကျ နေ့ဆိုင်းညဆိုင်းဆိုပြီး ရတဲ့ခေတ် .. ခွေငှားဆိုင်လေးတွေ၊ စာအုပ် အငှားဆိုင်လေးတွေ ရပ်ကွက်တွေထဲရှိသေးတဲ့ခေတ်တုန်းကပေါ့ဗျာ ... မီးပျက်မယ့်နေ့ဆို စာအုပ်အငှားဆိုင်မှာ လူတွေကြပ်ကြပ်ကိုတိုးလို့ နောက်ကျရင်တော့ ကိုယ်လိုချင်တဲ့စာအုပ်မရတော့ဘူးလို့သာ မှတ်ပေရော့ပဲ။ ကျွန်တော်ကလဲ ဘယ်ရလိမ့်မလဲ ဆိုင်ရှင်နဲ့ ပေါင်းပြီး အသစ်ထွက်စာအုပ်တွေ ချန်ထားခိုင်းတာပေါ့။
အဲ့တုန်းကဆို ကျွန်တော်က ထွက်သမျှ ဆရာမင်းသိင်္ခရေးတဲ့ ဆားပုလင်းနှင်းမောင်တို့၊ ဆရာ မင်းမြတ်သူရရေးတဲ့ ဆားပုလင်းမင်းအောင်တို့လို စုံထောက်ဝတ္ထုတွေ၊ တြိစက္ကတို့တွေလို ဂမ္ဘီရဝတ္ထုတွေ မလွတ်တမ်းဖတ်တာ။
ငယ်ငယ်က ပိုးကမသေတော့ အခုအသက်ကြီးလာတော့လဲ ဆရာမြသန်းတင့်ဘာသာပြန်တဲ့ ကမ္ဘာ့စုံ ထောက်ဝတ္ထုတိုတွေ၊ ရှားလော့ဟုမ်း၏မှတ်တမ်းများ၊ ဆရာရွှေဥဒေါင်းရေးတဲ့ စုံထောက်ဝတ္ထုတို ပေါင်းချုပ်သစ် တွေကို အချိန်ရရင် ရသလိုဖတ်တာပဲ။
အခုလတ်တလော ကျွန်တော်ဖတ်နေတာဆို ဆရာရွှေဥဒေါင်းရေးသားတဲ့ စုံထောက်မောင်စံရှား ဝတ္ထုတို ပေါင်းချုပ် ၄ဆိုတဲ့စာအုပ်ပါ။ ( ဆရာကြီးရွှေဥဒေါင်းရေးသားတဲ့ စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၁ ကနေ ၁၀ ထိရှိ ပါတယ်။) ဖတ်ရတာ စိတ်ဝင်စားဖို့အတော်ကောင်းတယ်ဗျ။ အမှုအသွားအလာတွေ၊ စုံထောက်ကြီး မောင်စံရှား ထောက်လှမ်းပုံတွေက ပါးစပ်အဟောင်းသားပဲ။
အခု စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၄ မှာ
တစ္ဆေခြောက်သည်ဆိုသော တိုက်အိမ်ကြီးတစ်ဆောင်- အဆိပ်ဆေးခတ်၍ သတ်မည်ကြံစည်သောအမှု
- တိုင်းရေးပြည်ရေး စာချုပ်ကြီးတစ်ခု ပျောက်ဆုံးသွားသည့်အမှု
- ပဲခူးမြို့လူသတ်မှု
- ဝှက်စာကိုကြည့်၍ လူသတ်မှု တစ်မှုတွင် စုံထောက်ပုံ
- ကမာရွတ်ရွာ လူသတ်မှု
- စစ်ကိုင်းမြို့တွင် ကြောက်မက်ဖွယ်ဖြစ်ပွားသော လူသတ်မှု
- စစ်ကဲကြီးသမီး ခင်ခင်နွဲ့ ပျောက်ဆုံးသောအမှု
ဆိုပြီး အမှု (၈) ခုကို ကျွန်တော်တို့ရဲ့ ဇာတ်လိုက်စုံထောက်မောင်စံရှားကြီး ဘယ်လိုအမှုမှန်ပေါ်အောင် ဖော်မလဲဆို တာကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။ ဒီတော့ စုံထောက်ဝတ္ထုတွေကို စိတ်ဝင်စားတယ်ဆိုရင် ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွှန်းလိုက်ပါတယ် ...
- ISBN : -
- Publisher :
- Published Date : Mar 31 2016
- Number of Pages : 153 Pages