အရေးတကြီး ရွေးချယ်စရာတွေ ရုတ်တရက် ဘွားခနဲ ပေါ်ထွက်လာသည့် အဖြစ်တွေနှင့် ရင်ဆိုင် ရချိန်မှာ သူတို့မကြောက်ကြပေဘူးလား။ ကြောက်ကြသည်ပဲပေါ့။ တကယ်က သတ္တိဟူသည် အကြောက်ကင်းသည့် အဓိပ္ပါယ်မှမဟုတ်ဘဲ။ ကြောက်ရခြင်းထက် ပိုအရေးကြီးသော တစ်စုံတစ်ရာ ရှိလာသည့်အတွက် အကြောက်က နောက်ဆုတ်ပေးလိုက်ရသည့် သဘောပင် ဖြစ်ပေသည်။
ဤစာအုပ်တွင်ပါရှိသည့် ပုဂ္ဂိုလ်ရှစ်ဦးတို့၏ အများအကျိုးအတွက် သတ္တိအရာ၌ ပြောင်မြောက် ခဲ့ကြသော စွန့်စားမှုများကို ဖတ်ရသည့်အတွက် သူတို့ကို ချစ်ကြည်လေးစားမိပါသည်။
''ရောဘတ်ကနေဒီ''သည် အန္တရာယ်တွေကြားမှ အမေရိကန်ပြည်ထောင်စု၏အကျိုး၊ ကလေးတွေ ဆင်းရဲငတ်မွတ်မှု စသည်တို့ကို ကြိုးပမ်းခဲ့၏။ ''မာတင်လူသားကင်း''က အကြမ်းမဖက် ရေးနည်းလမ်းဖြင့် လူဖြူ၊ လူမည်း တန်းတူအခွင့်အရေးအတွက် အဆုံးထိ တိုက်ပွဲဝင်ခဲ့၏။ ''အဲဒစ် ကာဗဲ''သည် စစ်ပြေးအကျဥ်းသားများကို ကယ်ဆယ်ရေးအတွက် အန္တရာယ်ကြားမှ လှုပ်ရှားခဲ့သည်။ ''စစ္စလီဆောင်းဒါး''ကြောင့် သေဆုံးခါနီး လူထောင်ပေါင်းများစွာတို့ ဝေဒနာဆိုးများစွာမှ လွတ်မြောက်ခဲ့ ရသည်။ ''ရာအော ဝေါလင်းဘတ်''သည် မည်သူ့အကူအညီမှမရှိဘဲ ဂျူးများအား အမြစ်ဖြတ် ချေမှုန်း ရေးဟူသော နာဇီတို့၏ အကြံအစည်ကို ဆန့်ကျင်လျက် ဂျူးလူမျိုးပေါင်းများစွာကို ကယ်တင်ခဲ့သည်။ ''မင်ဒဲလား'' ခွင့်လွှတ်နိုင်လွန်းသော သတ္တိတို့ဖြင့် လူမျိုးရေး ခွဲခြားမှုကို ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင် ခဲ့သည်။ ''အောင်ဆန်းစုကြည်'' သည် မလျှော့သောစိတ်ဖြင့် သူ့ပြည်သူများ တစ်နေ့ လွတ်လပ်ရမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် အရာရာ စွန့်လွှတ်အနစ်နာခံခဲ့သူဖြစ်သည်။ ''ဒိုင်းထရစ် ဘွန်ဟိုးဗွား''သည် အခြေအနေဆိုးတွေကြားမှ ခရစ်ယာန်တွေ၏ တန်ဖိုးမကျသွားအောင် သတ္တိရှိစွာရပ်တည်ခဲ့၏။
ဤစာအုပ်လေးသည် အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြသောပုဂ္ဂိုလ် ရှစ်ဦးတို့၏ အံ့သြ ဖွယ်ရာ သတ္တိများကို ရေးသားထားသည့် စာအုပ်လေးလည်းဖြစ်သလို တစ်နည်းအားဖြင့် အဆိုပါပုဂ္ဂိုလ် ရှစ်ဦး၏ အတ္ထုပ္ပတ္တိစာအုပ်လေးတစ်အုပ်လည်း ဖြစ်ပေသည်။
- ISBN : 9789997198099
- Publisher :
- Published Date : Nov 28 2020
- Number of Pages : 467 Pages