စက်ဘီးနဲ့ခရီးသွားဖို့ဆိုရင် '' စက်ဘီးတစ်စီးနဲ့စီးချင်စိတ်ပဲ လိုတယ် ''
စက်ဘီးစီးလိုသူများ၊ စက်ဘီးဖြင့် ခရီးထွက်လိုသူများသာမက စွန့်စားပြီး ခရီးသွားလိုသူတွေ အတွက်ပါ ဗဟုသုတရော စွန့်စားလိုစိတ်တွေပါ ရရှိဖြစ်ပေါ်စေမယ့် ခရီးသွားစာပေ စာအုပ်လေး တစ်အုပ်ပါ။
စာအုပ်လေးကိုဖတ်နေရင်း တောတွင်းစက်ဘီးစီးရတဲ့ ရသ၊ တောတောင်ရှုခင်းတွေကို ရင်သပ်ရှုမောမြင်ရပြီး ကြည်နူးရတဲ့ရသ၊ စက်ဘီးနဲ့သွားနေတဲ့ လမ်းတစ်လျှောက်မှာရော ခရီးစဥ်အဆုံးကိုရောက်သွားတဲ့အချိန်မှာပါ ခံစားရတဲ့ ရသပေါင်းစုံကို ကိုယ်တိုင်ပဲ စက်ဘီးခရီး သွားနေသလို ခံစားရမိစေအောင် စာရေးသူက သူ့ရဲ့အတွေ့အကြုံတွေကို ရေးသားထားတာဟာ လက်ရာမြောက်လွန်းလှပါတယ်။
စက်ဘီးစီးခြင်းဟာ လူမျိုးဘာသာမရွေး၊ အသက်ငယ်ငယ် ကြီးကြီး ပြုလုပ်နိုင်တဲ့ အားကစားနည်းတစ်ရပ်ပါ။ တောတောင် သဘာဝရှုခင်းတွေနဲ့အတူ ခရီးသွားရတာဟာ စိတ်ဖိစီးမှုတွေ ကင်းဝေးစေပြီး ကြည်နူးလန်းဆန်းစေကာ စိတ်ဓာတ်ခွန်အားတွေ ရရှိစေပါ တယ်။
စာအုပ်ထဲမှာ စာရေးသူက သူ့ရဲ့စက်ဘီးနဲ့စွန့်စားခရီးသွားခဲ့တဲ့ ခရီးစဥ်၆ခုအပြင်၊ စက်ဘီးနဲ့ခရီးထွက်ရင် ကျန်းမာကြံ့ခိုင်ရေးအတွက် သိသင့်တဲ့အချက်တွေ၊ စက်ဘီးနဲ့ ခရီးသွားရင်း သဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့နည်းတွေ၊ စက်ဘီးနဲ့ခရီးထွက်ရင် ပြင်ဆင်သွားသင့်တဲ့ ပစ္စည်းတွေအကြောင်း စတာတွေကို ပြည့်စုံစွာ ရေးပြထားပါတယ်။ ခရီးစဥ်တွေအကြောင်းကိုဖတ်ရတာ ကိုယ်ပါတကယ်ခရီးသွားနေရသလို ခံစားရပြီး စိတ်တွေပါ လန်းဆန်းလာအောင် စာရေးသူက ရေးသားနိုင်စွမ်း ရှိလွန်းလှပါတယ်။ စာရေးသူက သူသွားခဲ့တဲ့ ခရီးစဥ်တွေအကြောင်းကို ရေးသားရာမှာ ခရီးစဥ်တစ်လျှောက်မှာ စက်ဘီးစီးရင်း ကြုံရမယ့်၊ ကြုံနိုင်တဲ့ သတိပြုရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ ထည့်သွင်း ရေးသားထား တဲ့အတွက် ဖတ်ရတာ ပြည့်စုံလွန်းလှပါတယ်။ ခရီးစဥ် တစ်ခုချင်းစီရဲ့ အဆုံးတိုင်းမှာ ထိုခရီးလမ်းကြောင်းမှာရှိတဲ့ လည်ပတ်စရာနေရာတွေကို ဓာတ်ပုံများနှင့်တကွ ခရီးလမ်း ကြောင်းရဲ့ Google Earth၊ ခရီးစဥ်တစ်လျှောက်ကြုံရမယ့် ရာသီဥတုအခြေအနေ၊ ခရီးအကွာ အဝေး၊ လည်ပတ်သင့်သည့်အချိန် စတာတွေကိုလည်း အနှစ်ချုပ် ပြန်ပြီးဖော်ပြ ထားပါသေး တယ်။
ဒီစာအုပ်လေးဟာ စက်ဘီးပေါ်တက် ရသစုံခံစားရင်း ခရီးသွားချင်သူတွေ၊ ခရီးသွားစာပေကို ဖတ်ချင်သူတွေ၊ သဘာဝကိုအခြေခံတဲ့ ခရီးသွားပုံစံကို ကြိုက်နှစ်သက်ကြတဲ့သူတွေ၊ Adventure ခရီးစဥ်တွေကို နှစ်သက်သူတွေ၊ စာဖတ်ရင်း ရသအဖုံဖုံကို ရချင်တဲ့သူတွေ၊ စိတ်ဖိစီးမှုတွေပျောက်ပြီး အားအင်သစ်တွေ ရရှိချင်တဲ့သူတွေအတွက် ကြိုက်နှစ်သက်မယ့် စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ။
- ISBN : 9789997196446
- Publisher :
- Published Date : Dec 31 2019
- Number of Pages : 171 Pages