တားရော့ဗေဒင်ကို စိတ်ဝင်စားပြီး ယုံကြည်သက်ဝင်သူတွေအနေနဲ့ ဆရာမနေခြည်(တားရော့) ရေးသား ထားတဲ့ “တားရော့ကတ်ပေါ်မှ ကိုယ်တွေ့ဖြစ်ရပ်များ” ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီစာအုပ်ဟာ ဆရာမနေခြည်(တားရော့)ရဲ့ ဒုတိယမြောက်စာအုပ်လဲဖြစ်သလို ပထမစာအုပ်ပါ အကြောင်း အရာတွေအပြင် ကိုယ်တွေ့ဖြစ်ရပ်အသစ်များ ထပ်မံဖြည့်စွက်ထုတ်ဝေထားတဲ့ စာအုပ်လေးလို့ ပြောရပါမယ်။
ခင်ပွန်းသည် ဟာသသရုပ်ဆောင် ကိုငှက်ပျောကြော်နဲ့အတူ နယ်ဘက်ရုပ်ရှင်ရိုက်ကူးရေး ခရီးထွက်ရင်း ဆရာမ နေခြည်(တားရော့) ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်များနဲ့ သူ့ဆီဗေဒင်လာမေးသူတို့ရဲ့ ထူးခြားတဲ့ ဖြစ်ရပ်များကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။
စာအုပ်ဖတ်ပြီးတော့လည်း ပရလောကသား (သို့) ဝိညာဉ်တွေကို ကြောက်စရာ ကောင်းတာလို့ တွေးတာ ထက် ပိုသနားမိတယ်။ ဘာလို့ဆို အမျှအတန်းပေးဝေတဲ့လူရှိမှ ကောင်းရာဘုံဘဝ ရောက်ရမယ့် အဖြစ်ကို တွေးမိပြီး သနားမိလို့ပါ။ ဒါကြောင့်လဲ ကျွန်တော် ကုသိုလ်ဘာဝနာ အမြဲမပြတ်ပွားများဖို့ ဆုံးဖြတ်ချက်တစ်ခါထဲ ချလိုက်တယ်။
ဒါ့အပြင် ကျွန်တော်တို့ သိပ်မယုံကြည် အလေးအနက်မရှိလှတဲ့ အဆောင်လက်ဖွဲ့တွေအကြောင်း၊ စိတ်အစွဲအလန်းကြီးခြင်းရဲ့ နောက်ဆက်ဆိုးကျိုးတွေ၊ ဆရာတော် ပြောကြားတဲ့ ပြိတ္တာတွေအကြောင်းနဲ့ မြေ စောင့်နတ်များအကြောင်း စတဲ့ ပရလောကသားများအကြောင်းကို ဗဟုသုတရဖွယ် လေ့လာဖတ်ရှုခွင့် ရခဲ့ပါ တယ်။
ဆရာမနေခြည်(တားရော့) ကိုယ်တိုင်ကလည်း “မျက်စိနဲ့ မြင်တွေ့ရတဲ့ အရာတွေထက် မမြင်မတွေ့ရတဲ့ အရာတွေက လူ့လောကမှာ ဘယ်လောက် ထူးခြားဆန်းပြားသလဲဆိုတာ ဒီစာအုပ်မှာ သိကြရမယ်လို့ အာမခံ ပါတယ်” ဆိုတဲ့ အမှာစကားပါးထားတာမို့ စိတ်ဝင်စားသူတွေ၊ ဗဟုသုတကြွယ်ဝချင်သူတွေအနေနဲ့ ဖတ်ကြည့် သင့်တဲ့ စာအုပ်လေးဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
- ISBN : 9789998696990
- Publisher :
- Published Date : Jan 30 2022
- Number of Pages : 284 Pages