ဒီရက်ပိုင်း မိုးကလည်း ကောင်း၊ အလုပ်ရယ်လို့ ခေါင်းစဉ်တပ်စရာလည်း မရှိတဲ့အချိန်ဆိုတော့ စာအုပ်လေးတစ်အုပ်၊ ကော်ဖီလေးတစ်ခွက်နဲ့ မိုးနံ့မြေနံ့ရမယ့် နေရာအကွက်ကောင်းလေး တစ်ခုမှာ ဇိမ်ယူနေဖြစ် တယ်။
ဒီရက် ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်လေးက ဘဝသရုပ်ဖော်ဝတ္ထုတွေ ရေးဖွဲ့ရာမှာ အလွန်ပြောင်မြောက် လှတဲ့ ဆရာမ မိုးမိုး(အင်းလျား)ရဲ့ ဝတ္ထုတိုများ ၄ ဆိုတဲ့ စာအုပ်လေး။
ဆရာမရဲ့ စာအရေးအဖွဲ့ အားကောင်းပုံက ဇာတ်ကောင်တွေရဲ့နေရာကို ကိုယ်တိုင်ဝင်ရောက်နေသလိုမျိုး ခံစားရအောင် စာဖတ်သူကို ဆွဲခေါ်သွားတာကြောင့် ဝတ္ထုတိုတစ်ပုဒ်ဖတ်ပြီးတိုင်း ဖတ်ပြီးတိုင်း မွန်းကြပ်မှုတစ်ဖုံ ပြောမပြတတ်တဲ့ ဝေဒနာတစ်မျိုးမျိုး ကပ်စွဲသွားသလို ခံစားရတယ်။ ဒါကြောင့်လည်း တစ်အုပ်လုံးကို မနည်း ကြိုးစားပြီး ဖတ်ခဲ့ရတယ်။
ဒီစာအုပ်ထဲမှာ “ ဘယ်သူလာကူပါ့မယ် ” ဆိုတဲ့ ဆရာမရဲ့ နာမည်ကြီး ဝတ္ထုအပြင် တခြားဝတ္ထုတို ၁၄ ပုဒ်ပါဝင် ပါတယ်။ “ ဘယ်သူလာကူပါ့မယ် ” ဝတ္ထုကိုတော့ထပ်ပြီး အမွှန်းမတင်တော့ပါဘူး။ ဒီထဲကမှ “ မုဆိုးမ တစ်ယောက်၏တမ်းချင်း ” ဆိုတဲ့ ဝတ္ထုတိုလေးကိုတော့ ပြောပြချင်တယ်။
၁၈နှစ်လုံးလုံး မီးဖိုချောင်နဲ့ဈေးကိုသာကူးခဲ့တဲ့ နုနု၊ ယောကျာ်းဖြစ်သူပေးတဲ့ နေ့တွက်စရိတ်ကိုသာ လက်ဖြန့်ယူပြီး အမေအိုနဲ့ သားသမီး ၅ယောက်ကိုပဲ ပြုစုထိန်းကျောင်းခဲ့တဲ့ နုနုတစ်ယောက် ယောကျာ်း ဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဘဝရဲ့အလှည့်အပြောင်းကို ကြိုးစားရင်ဆိုင်ပုံတွေ၊ အသက် ၄၀ ကျော် အရွယ် မုဆိုးမ တစ်ယောက်ရဲ့ အတွေးအခေါ်တွေ၊ ဘဝကိုအရှုံးမပေး၊ အပြုံးမပျက်ဘဲ ခရီးဆက်နေတဲ့ မုဆိုးမ တစ်ယောက်ရဲ့ ဘဝအကြောင်းကို ဖတ်ရတာ ရင်ထဲထိလွန်းလှပါတယ်။ အရေးအသားတွေကလည်း ကောင်းလွန်း လှပါတယ်။
ဝတ္ထုတစ်ပုဒ်စီတိုင်းမှာ အလွှာအသီးသီးက လူတန်းစားတွေရဲ့ ဘဝအခြေအနေတွေ၊ အကျင့်စရိုက်တွေ၊ လောကဓံ လှိုင်းဒဏ်ကို ကြိုးစားရုန်းကန်ရပုံတွေကို လေ့လာနိုင်မှာမို့ လက်မလွှတ်ဘဲ ဖတ်ကြည့်သင့်တဲ့ စာအုပ် တစ်အုပ်ပါ။
- ISBN : -
- Publisher :
- Published Date : Jan 31 2003
- Number of Pages : 295 Pages