ကိုယ်စားချင်တာလေးတွေကို ကိုယ့်ဘာသာ အလွယ်တကူ ချက်စားတတ်တာ၊ ကိုယ်ချစ်ရတဲ့ သူတွေကို စားကောင်းတာလေးတွေ ချက်ပြုတ် ကျွေးမွေးရတာဟာ တကယ့်ကို ပျော်ရွှင်ဖို့ ကောင်းတဲ့ အရာတွေလို့ ထင်မိတာပါပဲ။
စာရေးဆရာမက ဗြူးတီးမဂ္ဂဇင်းမှာ လစဥ်ရေးခဲ့တဲ့ ချက်နည်းလေးတွေကို စုပြီး ရေးထားတဲ့ စာအုပ်လေးပါ။ စာအုပ်ရဲ့နာမည်လေးအတိုင်း တကယ်ကို ဖတ်ရတာ ပေါ့ပေါ့ပါးပါးရှိလှပါတယ်။ စာအုပ် လေးရဲ့ ထူးခြားချက်က ပုံမှန်ဟင်းချက်နည်း စာအုပ်တွေလို မဟုတ်ဘဲ ချက်နည်း တစ်မျိုးစီကို ဇာတ်လမ်း လေးသဘောရေးထားတာမို့ ဝတ္ထုတိုလေးတွေ ဖတ်ရသလိုပါပဲ။
စာအုပ်လေးကို ဖတ်နေချိန် ကိုယ်ကိုယ်တိုင် မီးဖိုထဲရောက်သွားပြီး စာအုပ်ထဲက ဇာတ်ကောင် လေးတွေနဲ့အတူတူ ဟင်းချက်နေသလိုကို ခံစားရစေမှာပါ။ ဖတ်နေရင်း ဝတ္ထုတိုလေးတွေ ဖတ်နေရ သလိုမို့ ဖတ်ရတာလည်း အရသာရှိ၊ ဖတ်ရင်းနဲ့ သွားရည်ကျ ဗိုက်တွေပါ ဆာသလိုဖြစ်နဲ့ တစ်အုပ်လုံးကို ပြီးတဲ့အထိ လက်ကမချနိုင်ဘဲ ဖတ်ဖြစ်လိုက်တာကတော့ မှတ်မှတ်ရရပါပဲ။
ဒီစာအုပ်ထဲမှာ နောက်ထပ်သဘောကျမိတာလေး တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ ချက်နည်း
တစ်ခုစီတိုင်းမှာ ဟင်းအတွဲအစပ်လေးတွေကိုပါ ထည့်ရေးထားတာပါပဲ။ ဖတ်နေရင်း ဟင်းအတွဲအစပ် လေးတွေကိုပါ မျက်လုံးထဲ မြင်ယောင်ရင်း စားချင်စိတ်တွေကလည်း တဖွားဖွားပေါက်ရင်း။
စာအုပ်ထဲမှာ စားချင်စဖွယ် အစားအသောက်ဓာတ်ပုံတွေ၊ ကလေးဘဝတုန်းက ဖတ်ခဲ့၊ ကြိုက်ခဲ့ရတဲ့ ကာတွန်းပိုးဇာနဲ့ ကာတွန်းစောမင်းဝေတို့ရဲ့ သရုပ်ဖော် တစ်ကွက်ကာတွန်းလေးတွေက လည်း ပါသေးဆိုတော့ ပြည့်စုံလွန်းတဲ့ ချက်နည်း၊ ပြုတ်နည်း စာအုပ်လေးပါပဲ။
- ISBN : 9562018174254
- Publisher : Sar Pay Law Ka
- Published Date : Feb 01 2006
- Number of Pages : - Pages