အခြေခံလူတန်းစားများ၏ ဘဝသရုပ်ကို ရှုထောင့်မျိုးစုံမှ ခံစားရေးဖွဲ့တတ်သော ဆရာမ၏ စာအုပ်အများစုမှာ အကြောင်းအရာ ပေးချင်တဲ့ရသ မွန်းကြပ်မှုတွေ အားလုံးတူညီကြသော်လည်း ပုံဖော်ထားတဲ့ ဘဝကတော့ ကွဲပြားခြားနားတဲ့ ရုန်းကန်မှုပုံရိပ်များစွာချည်းပါပဲ။ ဒီစာအုပ်လေးမှာတော့
"လူတွေသည် တိုးဝှေ့လျှောက်သွားရင်း လှည့်ပတ်ကြည့်သည့်အခါ ကြည့်သည်။ ရပ်ကြည့်သည့်အခါ ကြည့်သည်။ ကိုင်ကြည့်သည့်အခါ ကြည့်သည်။ မေးကြည့်သည့်အခါ မေးကြည့်ပြီး ဝယ်သည့်အခါ ဝယ်သွားကြလေသည်။ ဘာပဲဖြစ်ဖြစ်စျေးရောင်းသူဆိုသည်မှာ လူစည်ကားမှ အရောင်းသွက်သည်။ ကြည့်သူများမှ ဝယ်သူများသည်။ ရုပ်ရှင်သိမ်းချိန်အထိ သူတို့စောင့်၍ ရောင်းကြသည်။ စျေးသိမ်းပြီး အိမ်ပြန်တော့ ဆယ်နာရီကျော်ပြီ။ အိမ်အဝင်လမ်းသည် မှောင်လျက်ရှိ၏။ လူတွေအိပ်မောကျကုန်ပြီ....” ဆိုတဲ့ ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်မှ အခြေခံလူတန်းစား စျေးသည်များရဲ့ဘဝပုံရိပ်လွှာ အကြောင်းပဲ ဖြစ်ပါတယ်။ စာအုပ်လေးမှာ အသက်၂၀ အရွယ်မှာပင် ကလေးထိန်း အိမ်ဖော်ဘဝ၊ ဟင်းရွက်သည်ဘဝ၊ ဗိုလ်ချုပ်စျေး ပျံကျစျေးသည်ဘဝ၊ လေဟာပြင် စျေးသည်မှသည် စိန်ဂျွန်းစျေးသည်ဘဝဖြင့် ဘဝမျိုးစုံ ဖြတ်သန်းကျင်လည်နေသူ မြရင်စိန်။
၃တန်း နှင့် ကျောင်းထွက်ပြီး ပညာတတ်ဖို့ ၊ လူတန်းစေ့နေနိုင်ဖို့ဆိုသည့် အရာများကို တွေးပင်မတွေးတတ်ခဲ့ သော ၁၀နှစ်အရွယ်မှာပင် ကလေးထိန်းအိမ်ဖော်အဖြစ် ဘဝကို ရုန်းကန်ခဲ့ရသူ မြရင်စိန်။ နယ်မြို့လေးမှ ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်ကို ပြောင်းရွေ့ရင်း ကျရာလုပ်ငန်း မျိုးစုံလုပ်ကိုင်ရင်း စျေးရောင်းစျေးဝယ် အလုပ်ဖြင့် ရုန်းကန်လှုပ်ရှားနေသော အမျိုးသမီးတစ်ဦး၏ ဘဝပုံရိပ်လွှာ အနိမ့်အမြင့် အတတ်အကျ တို့ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ထိုခေတ်အခါက မှောင်ခိုစျေးကွက်မှာ ပင်စည်ကို မခုတ်လှဲပဲ အကိုင်းအခတ်တို့ကို သာ ဖြတ်တောက်သော စနစ်ကြောင့် အခြေခံလူတန်းစား အမျိုးသမီးများမှာ ဘဝကို ရုန်းကန်ရင်း နွံနစ်သွား ကြသူတွေ၊ ဘဝကိုဖြစ်သလို ရေစုန်မျောရင်း ပျက်စီးသွားကြသူများကြားမှာ အခြေအနေအမျိုးမျိုးကို ကြံ့ကြံ့ ခံရင်ဆိုင်ရင်း စားဝတ်နေရေးအခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းနေသော အမျိုးသမီးတစ်ဦး....။
ထိုအမျိုးသမီးမြရင်စိန်သည် လောကဓံကို ဘယ်လိုကြံ့ကြံ့ခံပြီး ဘယ်လို အိမ်ထောင်ရေးကို တည်ဆောက် သလဲ၊ ဘယ်လိုဘဝအမောတွေ ရင်ဆိုင်ရသလဲဆိုတဲ့ သူ့ဘဝအနိမ့်အမြင့်အတက်အကျကို စာအုပ်လေးမှာ ဖတ်ကြည့်စေချင်ပါတယ်။
ဆရာမစာအုပ်လေးတွေ ဖတ်တိုင်းအခြေခံလူတန်းစားများ၏ ရုန်းကန်လှုပ်ရှားမှု ဘဝပုံရိပ်များမှာ ရင်ထဲ မွန်းကျပ်စရာကောင်းသလို ဇာတ်ကောင်များနှင့်အတူ စီးမျောခံစားရင်း ကိုယ်တိုင် ကြုံတွေ့ရသလို ရသမျိုးစုံ ခံစားရပေ၏။ မြရင်စိန်၏ ဘဝအမောကို နင့်နင့်သည်းသည်း ဖတ်ရှုခံစားရင်း မြရင်စိန်နှင့်အတူ "တစ်လောကလုံး ရှိရှိသမျှသတ္တဝါ အားလုံးကို ကျန်းမာ ချမ်းသာ၍ ဘေးဘယာဝေးကွာပါစေကြောင်း...”
မေတ္တာပို့သလိုက်ရပေ၏။
- ISBN : -
- Publisher :
- Published Date : Jan 31 2013
- Number of Pages : 213 Pages