ရာသီဥတုဖောက်ပြန်သဖြင့် မြို့ပေါ်ပြေးကာ နီးစပ်ရာမှာကလေးထိန်း၊ ထမင်းချက် ဝင်လုပ် နေရသော်လည်း မိုးရာသီရောက်ပြီဆိုရင်ဖြင့် လွတ်လပ်သော မိမိတို့၏ရွာတလင်းတွင် အချုပ်ချယ် ကင်းမဲ့စွာ ကောက်စိုက်နေကြသည့်ကောက်စိုက်သမလေးများ-
ဖခင်၏လယ်ယာများကို ဖခင်ဆုံးသည့်အခါ အကြီးဆုံးသမီးဖြစ်သူက ဦးဆောင်လုပ်ကိုင်ရသည် ဆိုတော့ လယ်သာရှိပြီးအင်အားကမရှိ၊ လယ်ထွန်ဖို့နွားကမရှိ၊ ထွန်ဖို့လူလဲမရှိတော့နွားရောလူပါဌားရ၊ ပျိုးကြဲခ၊ ကောက်စိုက်သမဌားခ၊ ပျိုးနှုတ်ခကစပြီး ရိတ်ခ၊ သိမ်းခ၊ သယ်ပိုးခ၊ အကုန်သူများကိုသာ အားကိုးရယုံသာမက စပါးသွားရောင်းဖို့ လှည်းပါငှားရသဖြင့် ငရုတ်ပေါ်ချိန်၊ ပဲပေါ်ချိန်က ရှာထားသော ငွေစကလေးများမှာ စပါးအတွက်မြှုပ်နှံရ၊ စပါးမပေါ်မချင်းစားသောက်ရသည်မှာအလျင် မမှီသည့် အပြင်၊ ထွက်မည့်စပါးကိုပင်အားထားကာ ကြွေးမြီတင်စပြုနေသည့် လယ်သူမကြီးမိလှိုင်း-
ဇန်နဝါရီ၊ ဖေဖော်ဝါရီဒိုင်များတွင် အလုပ်များနေချိန်မှစ၍ မိုးဖြိုင်ဖြိုင်ကျသည်အထိသုံးလေးလအတွင်း ကိုယ့်လိုလားချက်ရအောင် စည်းရုံးသည့်အပိုင်းက စည်းရုံး၊ မျက်ခြည်မပြတ် စစ်ဆေးရသည့် အပိုင်းက စစ်ဆေးပြီး၊ ဒိုင်မှာအိပ်၊ ဒိုင်မှာစားနေရသည့်ဒိုင်မှုးများနှင့်ဝန်ထမ်းများ၏ဘဝများ-
ကုန်ဝယ်ဒိုင်အဆောက်အအုံတွေပြင်ဖို့၊ ဒိုင်တလင်းတွေလုပ်ဖို့စီမံချက်ရေးဆွဲရ၊ ဒိုင်မှုးတွေနှင့် ဒိုင်ဝန် ထမ်းတွေကို မွမ်းမံသင်တန်းတွေပေးရ၊ စပါးပေါ်ချိန်တွင်လည်း ကျေးရွာများအထိ ကွင်းဆင်းသွားလာ ကြရသည့် မန်နေဂျာများနှင့် ဝန်ထမ်းများမှာလည်း မိသားစုများနှင့် ခွဲခွာကာအလုပ်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြပုံများ-
လယ်သမားအစည်းအရုံးမှလူများ၊ မြို့နယ်ကောင်စီလူကြီးများ၊ အသက်အာမခံ ကိုယ်စားလှယ် များ၊ ဘဏ်မန်နေဂျာများ၊ စပါးအထွက်တိုးဖို့ ကျေးရွာများအထိ ကွင်းဆင်းကြီးကြပ်နေရသည့် လယ်ယာ စိုက်ပျိုးရေး မန်နေဂျာများကလည်း မြေသြဇာ၊ မျိုးစပါးနှင့် နှစ်စဥ်ထုတ်ချေးနေကျ စိုက်ပျိုးစရိတ် ချေးငွေများကို အိမ်တိုင်ရာရောက်ထုတ်ချေးပေးခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့ လယ်သမားများ အတွက်အသက်အာမခံထားဖို့နဲ့ ချောင်းရေလျှံလို့ နှစ်တိုင်းနီးပါးဒုက္ခရောက်သည့်ဘေးမှ ကင်းဝေးစေရန် တာတမံတည်ဆောက်ရေး လုပ်ငန်းများကို မေလရဲ့တတိယပတ်မှာ ကွင်းဆင်း၍ နားလည်အောင် အသိပေးမှုများ -
မြေစိုင်မြေခဲတို့ကို ထမန်းညက်သောမြေဆီမြေလွှာအဖြစ်အသွင်ပြောင်းပေးပြီး၊ သည်မြေပေါ် မှာပင် စပါးနှံတွေဝေဖြာလာအောင် စွမ်းအားရှိရင်ရှိသလောက် ကြိုးစားပမ်းစားလုပ်ကြမည့် လယ်သမားများ၏သဘာဝကို လုပ်အားပေါင်းထည့်ခြင်းဖြင့် တန်ဖိုးမြင့်လာစေသည့်လုပ်ရပ်များကို-
ဆရာမမိုးမိုး(အင်းယား)က" ဒေါင်ဒေါင်မြည်မှအိုး၊ သုံးလွန်းတင်မှကြိုး "ဟူသောစာသားနှင့်အညီ နိုင်ငံအတွက်လိုအပ်သည့် စပါးပြည့်မှီအောင် ရောင်းပေးနိုင်ရေးဆိုသည်မှာ တောင်သူ လယ်သမား များ၏ စွမ်းဆောင်နိုင်မှုသာမက၊ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စိုက်ပျိုးရေး အရာရှိများ၏ အထွက်တိုးရေးစီမံချက်များနှင့် ကုန်သွယ်လယ်ယာမှ ဝယ်ရောင်းမန်နေဂျာများနှင့် ဒိုင်မှူးများ၏ သူ့ဘက်ကိုယ့်ဘက်မျှမျှတတ ညှိနှိုင်းဆောင်ရွက်ကြဖို့လိုကြောင်းကို ရေးဖွဲ့ထားသည့် စာအုပ်ကောင်းပါ။
- ISBN : -
- Publisher :
- Published Date : Jan 31 2013
- Number of Pages : 303 Pages